Monday, September 24, 2007

ရန်ကုန်သို့ တစ်ခေါက်


ကျွန်တော်တို့ မိသားစုလေး ပြီးခဲ့တဲ့ နှစ်တုန်းက ရန်ကုန်ကို သွားခဲ့ကြတယ်။ အဲဒီမှာ ကျွန်တော် ကြုံရ တဲ့ဒုက္ခလေး အကြောင်းလေး ကို ပြောပြချင် လို့ပါ။ ကျွန်တော်တို့ မိသားစု ထွက်လာ တုန်းက တော့ ဘုရားဖူးဖို့ ရည်ရွယ်ချက်နဲ့ပါ။ အဖေနဲ့ အမေက ငွေလည်းရတုန်း အလုပ်ကိစ္စ ရော ရှိတာနဲ့ မိသားစု တွေ ထွက်လာခဲ့ကြတယ် ဆိုပါတော့။ ညပိုင်း ရထားစီး ပြီး မန္တလေးကနေ ထွက်လာကြတယ်လေ။ ရထားပေါ်မှာ ပျော်စရာကောင်း ပါတယ်။ ဒါပေမယ့် အိုက်တာတော့ တော်တော် အိုက်တယ်ဗျ။ အဲ ပုံကိုသာ ကြည့်ပေတော့။ မအိုက်ဘူး အိုက်တယ် သိမှာပါ။ အိုက်ဆို သွားတာကလည်း နွေရာသီကုန် ကာစလေးထင်တယ်။ အင်း ဟုတ်မယ်။ ထားပါ လေ။ ဒါက။ အဲလို ကျွန်တော်တို့ ရထားပေါ် ထမင်း စားချိန်ရောက်တော့ ပါလာတဲ့ ထမင်းချိုင့်ကို အမေက ထုတ်ပေးတယ်လေ။ ဗိုက်ဆာရင် ဟန်မ ဆောင်တတ်တဲ့ အဖေက ထမင်းချိုင့်ကို ယူပြီးလွှေးတော့တာပဲ။ ဘယ်ရမှာလဲ။ ကျွန်တော်က လည်း အဖေ့သားပဲလေ။ ကျွန်တော်လည်း ၀င်လွှေးတာပေါ့။ စားလို့ကောင်းမှ ကောင်းပဲ ဗျာ။ လက်ဖက် လေးနဲ့ ထမင်းလေး ရောနယ်ပြီး စားရတဲ့အရသာ ဘာနဲ့မှ အဲဒီအချိန်မှာ လဲနိုင်မယ် မထင်ဘူး။ တကယ်။ အဲဒါနဲ့ လက်ဖက်တွေနဲ့ ထမင်းကိုစားလိုက်တဲ့ အစားဗျာ။ ကျွန်တော် အများဆုံးဖြစ်မယ် ထင်တယ်။ ဒါ နဲ့ နောက် ထမင်းစားပြီးတော့လည်း အချိုတည်းတဲ့ သဘောနဲ့ လက်ဖက်ကို ဒီအတိုင်း တွယ်နေတာ။ လက်ဖက် က ငရုတ်သီးနဲ့ လုပ်ထားတာဆိုတော့ စပ်က စပ်သေးတယ်ဗျာ။ အိုက်က အိုက်သေးတယ်။ ချွေးတွေကို သီးနေ တာပဲပေါ့ဗျာ။ ဒါကို အဖေက ဓါတ်ပုံရိုက်မလို့ လုပ်သေးတယ်။ ကျွန်တော်က ရှက်လို့ မရိုက်ခိုင်းလို့သာ အမှန်ဆို အဲဒီအချိန် ရိုက်လိုက်ရင် အခုဆို သူငယ်ချင်းတို့ကို ပြလို့ ရနေပြီနော်။ အဲ ပြန်ဆက်လိုက်ဦးမယ်။ ဘူတာတစ်ခု ကို (နာမည်တော့ မမှတ်မိတော့ဘူး။ ကလေးတွေပဲ ဖြည့်တွေးလိုက်ပေါ့နော်။) ရောက်တော့ အဖေက ဂဏာန်း ကောင်တွေ ၀ယ်စားတယ် လေ။ အားပါး လှလိုက်တဲ့ ဂဏာန်းတွေဗျာ စားချင် စရာဖြစ်အောင်ကို လှတာ။ အစား အသောက်က သိပ်မစားချင်ပါဘူးဆိုမှ မျက်စိရှေ့ မှာ ဗန်းထဲကနေ လတ်လျားလတ်လျား လာလုပ်ပြနေတာ။ သူတို့ က သူတို့က။ ဒါနဲ့ အဖေကို လက်တို့ ပြီးတော့ ပြောရဦးမယ်ဆိုပြီး ဂဏာန်းတစ်ကောင် စားလိုက် တယ်။ ငှဲငှဲ ဒါပေမယ့် မရဘူးဗျာ။ သူတို့က ရန်ထဖြစ်နေကြတယ်လေ။ ဂဏာန်းမလေးတွေက သိလား။ ကိုကိုကျန် စားမှတဲ့ လုပ်ပုံက လုပ်ပုံက။ ကျွန်တော်က စိတ်ကောင်းရှိပါတယ်။ အဲဒါနဲ့ ပဲ သူတို့ကို ရန်မဖြစ်ကြပါနဲ့ လို့တောင်းပန်ပြီး နောက်ထပ် ဂဏာန်းတစ်ကောင် ထပ်ယူစားလိုက်တယ်။ ကျွန်တော်ကတော့ ဒီတစ်ကောင် စားပြီးရင်တော့ တော်မယ်ပေါ့။ ဒါပေမယ့်ဗျာ သူငယ်ချင်းတို့ စဉ်းစားကြည့်ပါဦး။ ကျွန်တော်တောင် လက်ထဲက တစ်ကောင် စား နေတုန်းရှိသေးတယ်။ ဗန်းထဲက ကျန်တဲ့ ဂဏာန်းလေးတွေက မျက်လုံးလေးတွေ အပြင်ထွက်ပြီးတောင် ကြည့် နေကြသေးတယ်။ ကဲ ကျွန်တော် ဘယ်လိုလုပ်လိမ်ရက်တော့မလဲဗျာ။ ဒါနဲ့ ပဲ ကျွန်တော် အားနာနာနဲ့ (၅) ကောင်လောက် ပဲစားလိုက်တယ်လေ။ သူများ အသားကို အစားချင်ပါဘူးဗျာ။ ဒါပေမယ့် သူတို့က တောင်းဆိုနေ တယ် ဆိုတော့ ကျွန်တော်လို စိတ်ကောင်းရှိတဲ့ လူတစ်ယောက်အနေနဲ့ ဘယ်လို စိတ်ထားမျိုးနဲ့ သူတို့ရဲ့ မျှော် လင့်ချက်ကို ရိုက်ချိုးရမလဲ။ ဒါကြောင့် (၅)ကောင်လောက်စားလိုက်တယ်။
ဒိလိုနဲ့ ရန်ကုန်ကို နောက်နေ့ မနက် (၉) နာရီလောက်ကို ရောက်လာတယ် ဆိုပါတော့ဗျာ။ အဲ ရန်ကုန်ရောက် တော့ နီးနီးနားနား ဘူတာနားက တည်းခိုခန်းမှာပဲ တည်းမယ်ဆိုပြီး ၀င်စုံစမ်းကြည့် တော့ လူပြည့်နေပြီတဲ့။ ဒါ ကြောင့် ကျွန်တော်တို့လည်း အဌားကားနဲ့ ထွက်လာတယ်လေ။ အင်း ပြောရမယ်ဆိုရင် လမ်းနာမည်တော့ သိ ဘူးဗျ။ ဒါပေမယ့် ဆူးလေးဘုရားနဲ့တော့ နီးတယ်ဆိုတာသိ တယ်။ အဲနားက လမ်းကြားလေးတစ်ခုထဲက တည်း ခိုခန်းကို ဌားခဲ့တယ်လေ။ ကောင်းပါတယ်။ အဲဒီ တည်းခိုခန်းကလည်း အဲကွန်းတွေ ဘာတွေနဲ့ ဆိုတော့။ ကွက် တိပဲ။ ကျွန်တော်က အအေးကြိုက် တယ်လေ။ အိုကေပေါ့။
ဒါနဲ့ အထုပ်တွေထား ရေချိုးကြတယ်။ နောက်ပြီး ရွှေတိဂုံဘုရားကို ညပိုင်းဖူးဖို့ ထွက်လာခဲ့ကြတယ် လေ။ ပျော်စ ရာဗျာ။ အဲ ရွှေတိဂုံဘုရားကို ပတ်ဖူးပြီးတော့ တောင်ဖက်မုဒ် ကနေ ဆင်းလာပြီး Happy World မှာ သွားက စားကြတယ်။ တော်တော် ပြုတ်သွားတယ်။ Happy World ကနေပြန် လာတော့ ရွှေတိဂုံဘုရား ဘယ်ဘက်မုဒ် လဲ မမှတ်မိတော့ ပါဘူးဗျာ။ အဲဒီမှာဗျာ လက်တွန်းလှည်း လေးတွေနဲ့ ကြာဇံကြော်တို့ ဘာတို့ ညာတို့ ရောင်းနေ ကြတာလေ။ အဲဒီမှာ ကျွန်တော်တို့ မိသားစု ၀င်စား ကြပြန်ရော။ ကောင်းလိုက်တာဗျာ။ အချဉ်လေးကကောင်း ကြာဇံကြော်လေးနဲ့ ရွှဲနေအောင် နယ်ပြီးစားလိုက်ရင် မြိန်နေတာပဲ။ အဲဒါနဲ့ ကောင်းကောင်းနဲ့ စားလိုက်တာ ဘယ်နှပွဲမှန်းတောင် မမှတ်မိဘူး တကယ်။ အပြန်မှာ ပြသနာတစ်ခုတက်တယ်။ ဘာလဲဆိုတော့ တည်းခိုခန်း လမ်းက ပျောက်နေတယ်လေ။ ရှာလိုက်ရတာဗျာ တစ်နာရီတောင်မကဘူး။ ကျွန်တော်က မှတ်တော့ထားတယ် ဗျ။ ဒါပေမယ့် မှတ်ထားတာက ဆူးလေဘုရားက ဆင်းသွားရင် မျက်နှာရှေ့က လမ်းတည့်တည့် လျှောက်သွားရင် ကျွန်တော်တို့ တည်းတဲ့ နေရာရောက်ပြီ ဆိုပြီးတော့လေ။ ကဲ သူငယ်ချင်းတို့ စဉ်းစားကြည့် ဦးလေ။ ဆူးလေက ဘယ်နှပေါက်ရှိလဲလို့ ။ ဒါပေမယ့် အဲဒီ့တုန်းက ရန်ကုန်ဆိုတာကို ရုပ်ရှင်တွေ ဗီဒီယိုတွေ ထဲမှာပဲ မြင်ဖူးတာလေ။ တအားကို အထင်ကြီးတာ။ တကယ်။ (ရန်ကုန်သူ /ရန်ကုန်သားများ ပို့သောမုန့်စားရပါလို၏ အမှန်ပြောရင်)။ တ ကယ်။ နောက်တော့ နောက်လမ်း ကြားတွေထဲ လျှောက်လာရင်း ကျုရှင်ကြော်ငြာဆိုင်းပုတ်တစ်ခု ကိုတွေ့လိုက် တယ်လေ။ ဒါက ကျွန်တော် ဒုတိယ မှတ်ထားတဲ့ လမ်းဝင်ပေါက်လေ။ အဲလိုနဲ့ တည်းခိုခန်းကို ပြန်ရောက်သွား တယ်ဆိုပါတော့။ ပြီး ကိုယ့်အခန်းကို ကိုယ်ဝင်အိပ်ကြတယ်။ အဲဒီထိ အဆင်ပြေတုန်း။ ပြည့်တင်းနေတဲ့ ဗိုက်အ ရှိန်နဲ့ ခေါင်းချလိုက်တာနဲ့ တစ်ချိုးပဲ။
အိပ်နေရင်းနဲ့ ဗိုက်ထဲက တရစ်ရစ်နဲ့ နာလာတယ်။ အိပ်ချင်စိတ်နဲ့ ပေအိပ်သေးတယ်။ ဒါပေမယ့် မရဘူး။ တ အားကို ဆန္ဒပြလာတဲ့ အတွက် မှိတ်ထားတဲ့ မျက်စိကို ဖွင့်ကြည့်လိုက်တော့။ အားပါး ကျွန်တော် မျက်စိကန်းပြီ ပေါ့။ မြင်လိုက်ရတာက မှောင်မည်းနေတာကိုး။ ကျွန်တော် တအားလန့် သွားတယ်။ ဒါနဲ့ ကျွန်တော်နာရီကို Light ပေးပြီး ကြည့်လိုက်မှ သက်ပြင်းချမိတယ်။ မီးပျက်နေတာ ကိုး။ ကြာကြာ သက်ပြင်းမချနိုင်ပါဘူး။ ကိုယ့်ပြ သနာနဲ့ ကိုယ်မဟုတ်လား။ အဲဒါနဲ့ အခန်း အပြင် ကိုထွက်ပြီး ကြည့်လိုက်တော့ အိမ်သာသွားတဲ့လမ်းမှာ မည်းနေ တာပဲ။ ဘာမှကိုမမြင်ရတာ အဲဒါနဲ့ ကျွန်တော်လည်း မန်နေဂျာ ထိုင်နေတဲ့ကောင်တာကိုသွားပြီး ဖယောင်းတိုင် သွားတောင်းမလို့ ကြည့်လိုက်တော့ ကောင်တာကိုတောင် ဘယ်နားမှန်းမသိဘူး ဖြစ်နေတယ်။ ဆိုးချက်က တော့။ အဲဒါနဲ့ ညနေက မြင်ထားတာကို မှတ်မိသလောက် စမ်းတ၀ါးဝါးနဲ့ သွားရတယ်လေ။ လူမှ စမ်းစမ်းလာ ပါတယ်ဆိုမှ ဘယ်သူကလာချထားမှန်း မသိတဲ့ ကုလားထိုင်က ညိုဒဂျီးကို နမ်းတာများဗျာ။ အီး မျက်ရည်များတောင် လည်မိပါတယ်။ ဒါနဲ့ ကိုယ့်မှာ မှောင်မှောင်မဲမဲထဲ ဘယ်နားကို ပွတ်ရမှန်း မသိ တာနဲ့ အကြွေးမှတ်ထားရ တယ်။ မနက်မှ ပွတ်မယ်ပေါ့။ ကံကောင်းထောက်မစွာနဲ့ ကောင်တာနားကို ရောက်သွားတယ်။ ကောင်တာကြီး ကိုလက်နဲ့ ပွတ်ရင်း တည်းခိုခန်းက ၀န်ထမ်းတစ်ယောက်ယောက် များ ရှိမလားလို့ ရှာရတယ်လေ။ တွေ့ဘူးဗျာ။ တော်တော်ကို စိတ်ညစ်သွားတယ်။ ဒီနားတင်ကို ကိစ္စပြီးအောင်လုပ်မယ် လို့ကို စိတ်ထဲမှာ တွေးမိလိုက်သေး တယ်။ ဒါပေမယ့် မကောင်းပါဘူးလေ ဆိုပြီး ဒီအတိုင်းသွားမယ်ကွာ ဆုံးဖြတ်ပြီး နောက်ကို ဆုတ်လိုက်မိတော့မှ နောက်က အိပ်နေတဲ့ တည်းခိုခန်းက ကောင်လေးကို သွားတိုက်မိတယ်။ ကောင်လေးက လန့်နိုးပြီး အိပ်ချင်မူး တူးနဲ့ မေးတဲ့ စကားကိုနားထောင်လိုက်ပါဦး။ “ ဘယ်သူလဲ သူခိုးလား ” တဲ့။ မေးပြီးတော့ ပြန်အိပ်သွားတယ်။ ကျွန်တော့်မှာ ကျေးဇူးရှင်ကို မနည်းနိုးပြီး ဖယောင်းတိုင်တောင်းရတယ်။ ရန်ကုန်ကို စရောက်ရောက် ချင်းနေ့က မြို့တော်ရန်ကုန်က ကြိုဆိုပုံကိုပြောပါတယ်။
နောက်နေ့ ဘုရားဖူးတဲ့ နေ့ရောက်တော့ လက်ဖက်၊ ကြာဇံကြော် အချဉ်တန်ခိုးနဲ့ ကျွန်တော့်မှာ ဘုရားကို မဖူးရ ပါဘူးဗျာ။ ကမ္ဘာအေးရောက်တော့လည်း အိမ်သာရှာရ၊ ငါးထပ်ကြီးရောက်တော့ လည်း အိမ်သာရှာရ၊ ကျောက် တော်ကြီးဘုရားမှာ လည်းအိမ်သာမေးနဲ့ အိမ်သာနဲ့ ကားနဲ့ပဲ ပြေးနေ ရတယ်လေ။ ဆင်ဖြူတော်တောင် ဘယ် ဘက်လှည့်မှန်း မသိခဲ့ရဘူး။ နောက်မှ အဖေက မကြည့်ရက် တော့တာနဲ့ထင်ပါတယ်။ ဆေးခန်းဝင်ပြတယ်လေ။ အဲဒီတော့မှ ဗိုက်က နည်းနည်းငြိမ်တော့တာ။
ကဲ... ကျွန်တော့် ရန်ကုန် ဘုရားဖူးသွားတဲ့ အစီအစဉ်မကောင်းဘူးလား။ ရန်ကုန်သူ/ရန်ကုန်သားတွေ တောင် ကျွန်တော်လို အိမ်သာစုံတတ်ဖူးမှာ မဟုတ်ဘူး ထင်တယ်။ နောက်နေ့ ကျတော့ တခြားနေရာ တွေလျှောက် လည်ဖြစ်ကြပါတယ်။ နောက်မှ ဓါတ်ပုံတင်တော့မယ်။ အခုလို ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။

0 comments: